ဘုန်းကြီးပျက်ဆိုရာဝယ်

Posted on 4/27/2010 by vandhammasami
Mood: .
Tags: monk

သင်္ကြန်တုန်းက အချိန်ရနေတာနဲ့ ဘလော့တွေကို လိုက်ဖတ်နေရင်း နာမည်ရ ဘလော့ဂါတစ်ယောက်ရဲ့ “ဘုန်းကြီးပျက်” ဆိုတဲ့ ဘလော့နဲ့ အဲဒီဘလော့ဂါ ဆွေးနွေးထားတဲ့ ဓမ္မဖိုရမ်တစ်ခုထဲက ဆွေးနွေးချက်တစ်ခုကို သွားတွေ့ပါတယ်။ သူ့အမြင်ကို သူရေးသားထားခြင်း သူ့အမြင်ကို သူဆွေးနွေးထားခြင်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော် အဲဒါနဲ့ ပတ်သက်ပြီး နည်းနည်း ထပ်ဆွေးနွေးကြည့်ချင်ပါတယ်။



မဆွေးနွေးခင် ပုံလေး တစ်ပုဒ်ကို ပြောချင်ပါတယ်။ တခါက ဘုန်းကြီးကျောင်းတစ်ကျောင်းကို တကာတစ်ယောက် ရောက်လာပါတယ်။ ရောက်လာပြီးတော့ “အရှင်ဘုရား (ထိုဘလော့ဂါပြောသော အပြစ်မျိုးများကိုဖွဲ့နွဲ့လျှက်) ဒါကြောင့် အဲဒီရဟန်းမျိုး သာသနာမှာ မရှိသင့်ဘူး။ လူထွက်ခိုင်းသင့်တယ်။ ဒဏ်ပေးသင့်တယ်ဘုရား” ဆိုပြီး လျှောက်ထားပါတယ်။ ဒီတော့ ဘုန်းကြီးက ပြန်မေးပါတယ်။ “ဒကာတော်၊ သစ်ပင်မှာ အကာက အရေးကြီးလား၊ အနှစ်က အရေးကြီးလားကွယ့်” လို့။



“မှန်ပါ၊ အနှစ်က အရေးကြီးပါတယ် ဘုရား”



“ဒါဆိုလည်းကွယ်၊ သစ်ပင်တွေကို အနှစ်ပဲ ထားပြီး အကာကို ခွာပစ်လိုက်ကြရင် မကောင်းပေဘူးလား”



“မှန်ပါဘုရား အဲလိုလဲ မဖြစ်သေးဘူးဘုရား”



တဲ့။ ဒါနဲ့ အဲဒီတကာတော်က ပြန်သွားခဲ့တယ် ဆိုပါစို့။ မှန်ပါတယ်။ အကာက လိုရင်းမဟုတ်ပေမယ့် အကာရှိမှလည်း အနှစ်က အကျိုးရှိအောင် နေထိုင်နိုင်တယ်။ အချို့ ကိုရင်သာမဏေများ၊ ဘုန်းကြီးရဟန်းများ သာသနာတော်အတွင်း နေထိုင်နေရမှုကို ကျွန်တော် ပြောပြချင်ပါသေးတယ်။



အချို့ ကိုရင်တွေ၊ ဦးဇင်းတွေက သာသနာမှာ သိပ်ပြီး မပျော်ပိုက်ပါဘူး။ ဒီလိုဖြစ်ရတာဟာ သဒ္ဓါတရား အားကောင်းကြတဲ့ မြန်မာလူမျိုးတွေကြောင့် ဖြစ်ရတယ်လို့ ဆိုရပါမယ်။ ကိုယ့်မှာ သားရဟန်းလေး။ သားကိုရင်လေး ရှိရင် “လုံးဝ” လူမထွက်စေချင်ပါဘူး။ ကိုယ်သိက္ခာတင်ပေးထားတဲ့ ရဟန်း၊ ၀တ်ပေးထားတဲ့ ကိုရင်တွေကို ဘယ်ဒါယကာကမှ လူမထွက်စေချင်ပါဘူး။ လူမထွက်စေချင်တာ ရိုးရိုးမဟုတ်ပါဘူး။ မိဘဖြစ်သူက “ငါ့သား လူထွက်မယ့်အစား အမေ့ကိုသာ သတ်သွားလိုက်ပါ” ၊ ရဟန်းခံထားသူ ရှင်ခံထားသူက “ဦးဇင်းက ကိုရင်က လူဝတ်လှဲမယ်ဆိုတော့ တပည့်တော်တို့ကို အရှက်တကွဲ အကျိုးနည်း ဖြစ်စေချင်တာပေါ့ ဟုတ်လား” စသဖြင့် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ လက်ရှိ ကိုရင် ဦးဇင်းတွေကို လူမထွက်စေဖို့ ခြိမ်းချောက်လေ့ ရှိပါတယ်။ သူတို့လည်း တရားပါတယ်။ သားရဟန်းဂုဏ်လေး။ ရဟန်းဒကာ ဂုဏ်လေးက လိုချင်သကိုး။ ဂုဏ်မဟုတ်ခဲ့ရင်လည်း သဒ္ဓါ လွန်ကဲသကိုး။ လွန်ကဲတဲ့ သဒ္ဓါက ပညာမှ မပါတာကိုး။



လောကမှာ ဟန်ချက် ညီနေဖို့ လိုတဲ အရာတွေ ရှိတယ်။ အဲဒါကတော့ အလင်းနှင့် အမှောင်၊ အဖြူနဲ့ အမည်း၊ အသွားနဲ့ အပြန်၊ အပေးနဲ့ အယူ၊ အ၀င်နဲ့ အထွက်၊ အထက်နဲ့ အောက်၊ အသိနဲ့ အကျင့်၊ ၀ိဇ္ဇာနဲ့ စရဏ၊ ၀ီရိယနှင့် သမာဓိ၊ သဒ္ဓါနဲ့ ပညာဖြစ်ပါတယ်။ ဒါတွေ အားလုံးဟာ တစ်ခုနှင့် တစ်ခု မညီမျှခဲ့ဘူးဆိုရင် လောကဟာ ကမောက်ကမ ဖြစ်တာပါပဲ။ ဒီမှာ နောက်ဆုံးစုံတွဲလေးဖြစ်တဲ့ သဒ္ဓါနဲ့ ပညာကို ပြောချင်ပါတယ်။ သဒ္ဓါတွေ ကောင်းလွန်းတော့ တွေ့တွေ့သမျှ ယောကျာ်းကို ရဟန်းချည်း လုပ်ခိုင်းချင်နေတတ်တဲ့ လူတွေကြောင့် သာသနာ့မြေမှာ သူတို့ပြောတဲ့ ဘုန်းကြီးပျက်ဆိုတာ ထွက်ပေါ်လာရပါတယ်။ ဘုန်းကြီးပျက်ဆိုတာ သူတို့က သဒ္ဓါတရားနဲ့ ဘုန်းကြီးဘ၀မှာ အတင်းနေခိုင်းတယ်။ “ကျုပ်လူဝတ်လှဲချင်တယ်ဗျာ၊ ကျုပ် ဘုရားရဲ့ ၀ိနည်းတော်တွေကို မလိုက်နာနိုင်တော့ဘူး” ဆိုရင်



“အရှင်ဘုရား၊ အဓိကကတော့ စိတ်ပါပဲဘုရား” ဆိုပြီးတော့ လူမထွက်ခိုင်းဘူး။ တချို့ “အရှင်ဘုရား ဘာလိုနေလဲ၊ ငွေလား၊ ဘာလဲ လိုချင်တာပြော၊ လူမထွက်ရင် ပြီးရော” ဆိုတဲ့ ကိစ္စတွေပေါ်လာတယ်။ အဲဒါ ဆရာဒကာကြားမှာ။ ဖိုးချိုရဲ့ မာလာဆောင် သီချင်းထဲကလို ပြောရရင် “အဲဒီလိုနဲ့ သာသနာ့နယ်မြေမှာ…..”လို့ ပြောရမှာပေါ့လေ။ အဓိက လိုရင်းကတော့ သာသနာကို ထောက်ပံ့နေကြတဲ့ သာသနာ့ဒါယကာအမည်ခံလိုသူများက ပိုအဓိက ကျပါတယ်။ ကိုယ် ရဟန်းခံမယ့် ပုဂ္ဂိုလ် ကိုယ်ကိုရင်ဝတ်ပေးမယ့် ပုဂ္ဂိုလ်က ကိုရင်ဝတ်ဖို့ ရဟန်းခံဖို့ သဒ္ဓါတရား အပြည့်အ၀ရှိရဲ့လား၊ သဒ္ဓါခိုင်ရဲ့လားလို့။ စာပေကို ကြိုးစားအားထုတ်ပြီး သာသနာ့အကျိုး သယ်ပိုးချင်နေတဲ့သူ ဟုတ်မဟုတ် စဉ်းစားပြီး ဆုံးဖြတ်ပြီးမှ ဘုန်းကြီးတွေကို ထောက်ပံ့သင့်ပါတယ်။ အဲလိုမှ မဟုတ်ရင် ကိုယ်ကပဲ မွေးထုတ် ကိုယ်ကပဲ သတ်ဖြတ် ဖြစ်ကုန်ပါလိမ့်မယ်။



“ဘုန်းကြီးပျက်” လို့ မြင်တတ်တဲ့ ထိုဘလော့ဂါကိုတော့ မစိုးရိမ်ကျောင်းဒကာကြီးရဲ့ အဖြစ်အပျက်လေးကို ပြောပြချင်ပါတယ်။ မစိုးရိမ်ကျောင်းတိုက် တစ်တိုက်လုံးကို ရွှေချပြီးလှူခဲ့တဲ့ ဦးကျော်တို့အကြောင်းပါ။ တစ်နေ့တော့ လူတစ်ယောက်က မစိုးရိမ် ကျောင်းတိုက်ထဲကို ၀င်သွားပါတယ်။ ၀င်သွားတော့ကာ သူက ခြင်းခတ်နေတဲ့ ဦးဇင်း ငါးပါးကို သွားတွေ့ပါတယ်။ သူ ပြန်ထွက်လာပြီး ကျောင်းတကာ ဦးကျော်အိမ်ကို တန်းသွားတာပဲ။



“ဒီမှာ ခင်ဗျားလှူထားတဲ့ ကျောင်းက ဦးဇင်းတွေက ခြင်းခတ်နေသဗျ”



“ခင်ဗျားကို ဘယ်သူ ပြောလိုက်တာလဲ”



“ပြောလိုက်တာ မဟုတ်ဘူး၊ ကျုပ်ကိုတိုင် မြင်ခဲ့တာ”



“အဲဒါဆို ကျုပ်ကို လိုက်ပြ”



ဒါနဲ့ အဲဒီလူက ဘုန်းကြီးတွေ ခြင်းခတ်နေတဲ့ နေရာကို လိုက်ပြတယ်။ ကျောင်းဒကာ ဦးကျော်ကလည်း မြင်တယ်။ ပြီးတော့ “ဘယ်နှစ်ပါးတောင်လဲဗျ” လို့ ရဟန်းပါးရေ ကို တွက်ခိုင်းတယ်။ တွက်တော့ ခြင်းတစ်ဝိုင်း ငါးပါးပေါ့ဗျာ။ “လိုက်ခဲ့ပါဦးဗျ” ဦးကျော်က အဲဒီလူကို ဆက်ခေါ်တယ်။ အလယ်က စာဝါချ စာကျက်နေတဲ့ ကျောင်းကို ခေါ်သွားတယ်။ ကျောင်းထဲမှာ စာကျက်နေတဲ့ ကိုရင်တွေ ဦးဇင်းတွေ အများကြီးကို တွေ့ရတယ်။ ဦးကျော်က မေးတယ်။



“ခုနက ခြင်းခတ်နေတဲ့ သံဃာနဲ့ အခု စာကျက်နေတဲ့ သံဃာ ဘယ်သင်းက ပိုများလဲ”



“ဟာ စာကျက်နေတဲ့ သံဃာက ပိုများတာပေါ့ဗျာ”



“အဲ ခင်ဗျားကြည့်တာ ခင်ဗျား မြင်မှာပဲ။ ကုသိုလ်ရချင်ရင် ကုသိုလ်ရမယ့် မြင်ကွင်းကို ရှာပါ၊ အကုသိုလ်ရချင်ရင် အကုသိုလ်ရမယ့် မြင်ကွင်းကို ရှာပါ” လို့ ဦးကျော်က အဲဒီလူကို အဲလို နောက်ဆုံး ဆုံးမလွတ်လိုက်ပါတယ်။

ဂျေဂျူဝိုင်
URL: http://www.jjqqyy.com/

Discussion

ကျနော် မူရင်းပိုစ့် ကိုဖတ်ပြီးပါပြီ။ အခု အကိုဆွေးနွေးထားတာလည်း ဖတ်ပြီးပါပြီ။


“အဲ ခင်ဗျားကြည့်တာ ခင်ဗျား မြင်မှာပဲ။ ကုသိုလ်ရချင်ရင် ကုသိုလ်ရမယ့် မြင်ကွင်းကို ရှာပါ၊ အကုသိုလ်ရချင်ရင် အကုသိုလ်ရမယ့် မြင်ကွင်းကို ရှာပါ” လို့ ဦးကျော်က အဲဒီလူကို အဲလို နောက်ဆုံး ဆုံးမလွတ်လိုက်ပါတယ်။

ဟုတ်ပါတယ်...။ကိုယ့်တစ်ယောက်အတွက်ကတော့ အဲလိုသဘောထားရင် ရကောင်းပါရဲ့ဗျာ။

နို့ပေမဲ့ ..ဒီလိုသာဆက်သွားကြရင်ဖြင့်..........နောက်ဆို.......

ဘုရားဥပဒေတော်ကြီး ဖတ်ပြီးခါစမို့...သူများရေးတာတွေကြည့်ရင်း စိတ်ပါလာလို့ ဝင်ဆွေးနွေးတာပါ။

ကျနော်ဗုဒ္ဓဘာသာစစ်စစ်ပါဗျာ...ကိုယ်တိုင်တောင်မှ...ဒီလိုဟာတွေ (အောစာအုပ် +အောကားတွေ ဘုန်းကြီးပျက်တွေကြည့်တာကို နဲ့ လူတွေလိုတော့ အလုပ်လုပ်မစား လှူတာတန်းတာတွေမှာတွေမှာတော့ သံဃာတော်ဆိုပြီးလုပ်စား...ပြီးတော့မှ ချဲရောင်း..နှစ်လုံးဒိုင်ခံ..အရက်သောက် ဖဲဝိုင်းထောင်...ပွဲလမ်းသဘင်ဆို သူတို့ကရှေ့ဆုံး...တရားပွဲမှာ ဆိုရင်တော့ တကယ့်သံဃာအစစ်နည်းနည်းပဲ...ဘုန်းကြီးပျက်တွေမလာဘူး။အဲဒါတွေကို အမြင်မကြည်တာ)....

ကိုယ့်ဘာသာဝင်တောင် ဒီလိုဖြစ်နေရင်.....သူများဘာသာဝင်ကကော...ဘယ်လောက်နှိမ်ချင်လိုက်မလည်း..ဘယ်လောက်အကဲ့ရဲ့ခံနှိုင်ရမလည်းတွေးကြည့်ယုံနဲ့သိပါတယ်ဗျာ...။

သူများနှိမ်တာနောက် ကိုယ်တကယ်အားထားကိုးကွယ်တဲ့ သံဃာရတနာ ဆိုတာကိုတော့ မဟာဂန္ဓာရုံဆရာတော်လိုမျိုးဆရာတော်သံဃာတော်တွေပဲဖြစ်စေချင်ပါတယ်ခင်ဗျာ....

ဒီထက် ထပ်ပြောချင်တာလေး .....ကျနော်ပြောတာက မပြည့်စုံပါဘူး...

ကျနော်က ဘာမှ မပြောတတ်ပါဘူး။

ဒါပေမဲ့...ဝီရသူ ဘွဲ့ ရတဲ့ အရှင် ဝိစိတ္တ ဟောထားတဲ့..“ချစ်ခြင်းပြိုင်လို့ အနိုင်ယူ”ဆိုတဲ့ တရားလေးတော့ နားထောင်သင့်ပါကြောင်း။ ဒါဆို ကျနော်သိတာ ဘာလည်းဆိုတာ သိပြီး...ကျနော့်ရင်ထဲကို မြင်နှိုင်ပါလိမ့်မယ်။

ကျနော်ကတော့ သာသနာတော်သန့်ရှင်းတည်တန့်ပြန့်ပွားရေးအတွက် ဝိနည်းတော်နဲ့အညီကြပ်မတ်သင့်ပြီး အရေခြုံတွေကို ဖယ်ထုတ်ပစ်ရမယ်လို့ထင်ပါတယ်..

ငယ်ရွယ်တဲ့ကိုရင်လေးတွေတောင် အကျင့်သီလရှိတာလေးတွေ မြင်ဘူးထားတော့ အချောင်သမားတွေကို ကြည့်ရတာ တော်တော်စိတ်လေပါတယ်။

ဗမာနိုင်ငံသူနိုင်ငံသားများအားလုံးအတွက် အကြင်နာမေတ္တာအပြည့်နဲ့ မေတ္တာထား...မေတ္တာပို့သတဲ့၊ အရာရာကို မေတ္တာနဲ့ လုပ်ဆောင်တဲ့ သံဃာတော်တွေလည်းရှိပါရဲ့......

ဥပမာပေါ့လေ...xxxxxxxxxxxxxxxxxxxx......xxxxxx.xxxxxxxxxx......

 သာသနာ့ဝန်တော်ထမ်းတွေကြားမှာဒီလိုတွေ ဘာကြောင့်ဖြစ်နေရသလည်း...အားလုံးသိလောက်ကြမယ်လည်းထင်ပါတယ်...။

ဘာကြောင့်ဒီလို သံဃာတော်တွေထဲမှာ ဒါမျိုးတွေပေါများလာရတာလည်း.....ဒါ...အရေးကြီးပါတယ်။

သိပြီးသားတွေပြောရရင်လည်း ကိုယ်ပဲအရူးဖြစ်တော့မှာ...အဲဒါကြောင့် ဒီလောက်ပါပဲ။

 

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ဘုန်းကြီးပျက်ဆိုရာဝယ်   Return to blog
© 2013-2014 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.